"အထွေထွေမန်နေဂျာ ဖုန်း ကျွန်မ ဘယ်သူ့ကို သက်တော်စောင့် အဖြစ် ရွေးချယ်မလဲ ဆိုတာက ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စပါ ရှင့်နဲ့ ဘာမှမဆိုင်ပါဘူး။" ဝေ့ပင်ချင်း က ဖုန်းကျွင်း ၏ အတင်းအကျပ် နိုင်လိုမင်းထက် ပြုမူပုံကြောင့် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး သူမ၏ လေသံမှာ အနည်းငယ် အေးစက်သွားသည်။
သို့သော် ဖုန်း မိသားစုနှင့် ဝေ့ မိသားစုတို့သည် ပြိုင်ဆိုင်မှုရော ပူးပေါင်းဆောင်ရွက်မှုပါ ရှိကြပြီး တစ်ဦး၏ ကုမ္ပဏီ ရှယ်ယာများကို အခြားတစ်ဦးက ပိုင်ဆိုင်ထားကြသောကြောင့် သူမ သူ့ကို ပြင်းပြင်းထန်ထန် မဆုံးမနိုင်ခဲ့ပေ။
"ပင်ချင်း ငါက တကယ် မင်းကောင်းဖို့အတွက် လုပ်ပေးနေတာပါ။" ဖုန်းကျွင်း သက်ပြင်းချလိုက်ပြီး လီဖန်း ကို ကြည့်ကာ "ဟေ့ကောင် မင်း ဒီအတိုင်း ပျော့ညံ့နေတော့မှာလား။ အရည်အချင်းရှိတဲ့ သက်တော်စောင့်တစ်ယောက်က ဒီလိုမျိုး ပြုမူနေလို့ မရဘူးလေ။"
ဝေ့ပင်ချင်း ငြင်းဆန်တော့မယ့် အချိန်မှာပဲ လီဖန်းက ရှေ့ထွက်ပြီး သူမကို ကာလိုက်ကာ "အထွေထွေမန်နေဂျာ ဖုန်း ခင်ဗျားရဲ့ သက်တော်စောင့်နဲ့ ကျွန်တော် ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒါပေမဲ့ ဆုကြေးတော့ ရှိသင့်တယ်မလား။"
ကျန်းဟုန်မောင် နဲ့ တခြား မြို့တော်ဗျူရို အကြီးအကဲတွေရဲ့ မျက်နှာထားတွေ အနည်းငယ် ပြောင်းသွားတယ်။ သူတို့ရှေ့မှာ သိုင်းပြိုင်တာကကို တားမြစ်ထားတဲ့ ကိစ္စဖြစ်နေပြီ လီဖန်းက လောင်းတောင် လောင်းချင်နေသေးတယ်။ သူက သူတို့ကို ရှိတယ်လို့တောင် ထင်ရဲ့လား။
"မင်း ဘယ်လို ကစားချင်လဲ။" ဖုန်းကျွင်း ၏ မျက်လုံးထဲမှာ အေးစက်တဲ့ အရောင်တစ်ချက် လက်သွားသည်။
"ကျွန်တော့်မှာ ယွမ် ၅ သိန်းတန် ချက်လက်မှတ် တစ်စောင် ရှိတယ်။ ကျွန်တော် ရှုံးရင် ဒီချက်လက်မှတ်က ခင်ဗျားအတွက်။ ကျွန်တော် နိုင်ရင်တော့…" လီဖန်း က သူ့အိတ်ကပ်ထဲက ချက်လက်မှတ်ကို ဆွဲထုတ်ရင်း တုံ့ဆိုင်းနေကာ သူ၏ အမူအရာမှာ အတော်လေး စနောက်သလို ဖြစ်နေသည်။
"ငါ မင်းကို တစ်သန်း ပေးမယ်!" ဖုန်းကျွင်း မထီမဲ့မြင် ပြုံးလိုက်ပြီး သူ့ရဲ့ ချက်လက်မှတ် စာအုပ်ကို ဆွဲထုတ်ကာ နံပါတ်တချို့ကို အမြန်ရေးခြစ်ပြီး ဆုတ်ဖြဲကာ လေထဲမှာ မြှောက်ကိုင်ထားရင်း "အာချန်၊ အာမုန် မင်းတို့ နိုင်ရင် တစ်သန်းခွဲ ရမယ်။ ငါ့ကို စိတ်မပျက်စေနဲ့!"
သူ့လို ထိပ်တန်း သခင်လေးတစ်ယောက်အတွက် တစ်သန်း ဆိုတာက မုန့်ဖိုးလောက်ပဲ ရှိပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ကောင်လေးတစ်ယောက်ကို သင်ခန်းစာ ပေးဖို့ အဲ့ဒီပိုက်ဆံကို သုံးရတာက အရမ်း တန်လွန်းတယ်။
ဝမ်မုန် နဲ့ ဟယ်ချန် တို့ရဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး သူတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေ ဆူပွက်လာခဲ့သည်။
"အထွေထွေမန်နေဂျာ ဖုန်း တကယ် ရက်ရောတာပဲ!" လီဖန်း က ဖုန်းကျွင်း ကို လက်မထောင်ပြပြီး တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
"လီဖန်း မင်း ရူးနေတာလား?!" ဝေ့ပင်ချင်း က သူ့ကို ဆွဲထားလိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်နေပုံ ပေါက်နေသည်။
ဖုန်းကျွင်း၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး မနာလိုစိတ်များ တောက်လောင်လာသည်။ ကျန်းဟုန်မောင်နဲ့ တခြား မြို့တော်ဗျူရို အကြီးအကဲတွေတောင် မျက်နှာထား ထူးဆန်းသွားသည်။
သူတို့ ထင်မြင်ချက်အရ ဝေ့ပင်ချင်းက ဆန့်ကျင်ဘက်လိင်နဲ့ အများဆုံး ထိတွေ့မှုဆိုတာ လက်ဆွဲနှုတ်ဆက်တာလောက်ပဲ ရှိသည်။ အခုတော့ သူမက လီဖန်း ၏ လက်မောင်းကို အရင်ဆုံး ဆွဲကိုင်လိုက်သည်။ လီဖန်းက တကယ်ပဲ သူမရဲ့ သက်တော်စောင့် သက်သက်ပဲလား။
"လီဖန်း သူတို့နဲ့ မပြိုင်လည်း ရပါတယ်။ မင်းရဲ့ ခွန်အားကို ငါယုံတယ်။ ငါနဲ့ အတူ ပြန်လိုက်ခဲ့။" ဝေ့ပင်ချင်းက ဖုန်းကျွင်း ကို နားလည်သည်။ ဒီပြိုင်ပွဲက လီဖန်း၏ ခွန်အားကို စမ်းသပ်ရုံ သက်သက်ထက် ပိုနေတာ သေချာသည်။
လီဖန်းက သန်မာပေမဲ့ ဝမ်မုန် နဲ့ ဟယ်ချန် နှစ်ယောက်လုံးက တိုက်ခိုက်ရေး ချန်ပီယံဆုတွေ ရထားတဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေ။ လီဖန်းသာ သတိမထားရင် ဒဏ်ရာရသွားနိုင်သည်။
"ဝေ့မမလေး ကျွန်တော့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ် ဒီတော့… တစ်ညတည်းနဲ့ ချမ်းသာမယ့် အခွင့်အရေးကို မင်းကတကယ် တားတော့မှာလား။" လီဖန်း က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း နောက်သလို ပြောင်သလို ပြောလိုက်သည်။
သူ ယှဉ်ပြိုင်ဖို့ သဘောတူရတဲ့ အကြောင်းရင်းက ပထမ စနစ် ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဖို့ ဒုတိယ သူ့ရဲ့ ကိုယ်ပိုင် ခွန်အားအပေါ် ယုံကြည်မှု ရှိလို့ပဲ။
ဖုန်းကျွင်းက ချဲ့ကား ပြောနေတာ မဟုတ်ရင်တောင် တိုက်ခိုက်ရေး ချန်ပီယံတွေမှာ အဆင့်တွေ ခွဲထားသေးသည်။ လီဖန်း ခန့်မှန်းရသလောက် ဝမ်မုန် နဲ့ ဟယ်ချန် တို့က မြို့အဆင့် (ဒါမှမဟုတ်) ပြည်နယ်အဆင့် တိုက်ခိုက်ရေး ချန်ပီယံဆုကို တစ်ကြိမ်လောက်ပဲ ရဖူးမှာပါ။
ကမ္ဘာ့အဆင့် တိုက်ခိုက်ရေး ချန်ပီယံတွေကတော့… ပြိုင်ပွဲကြီး တစ်ပွဲတည်းနဲ့ ဒေါ်လာ သန်းပေါင်းများစွာ ဒါမှမဟုတ် ဆယ်သန်းချီပြီး ရနိုင်ကြတယ်။ သူတို့မှာသာ အဲ့ဒီလောက် စွမ်းအား ရှိရင် ဖုန်းကျွင်း ဆီမှာ သက်တော်စောင့် လာလုပ်ပါ့မလား။
ပြီးတော့ စနစ်ရဲ့ မိတ်ဆက်အရ C- အဆင့် စွမ်းအားရှင်တစ်ယောက်မှာ ကမ္ဘာ့ တိုက်ခိုက်ရေး ချန်ပီယံ တစ်ယောက်ရဲ့ ပြည့်စုံတဲ့ ခွန်အား ရှိနေပြီ။ လီဖန်း က C- အဆင့်ပဲ ရှိသေးပေမဲ့ သူက "ပြည့်စုံသော တိုက်ခိုက်ရေး အနုပညာ" ကို သင်ယူထားတာလေ။ သူ့ရဲ့ အလုံးစုံ တိုက်ခိုက်ရေး စွမ်းအားက ဝမ်မုန်နဲ့ ဟယ်ချန် ထက် ဘယ်လိုလုပ် အားနည်းနိုင်မှာလဲ။
ဝေ့ပင်ချင်း ချက်ချင်း ကြောင်အသွားသည်။ ဒီလို အချိန်ကြီးမှာတောင် သူက တစ်ညတည်း ချမ်းသာဖို့ စဉ်းစားနေသေးတယ်။ ပိုက်ဆံက ကောင်းပါတယ် ဒါပေမဲ့ အသက်ရှင်နေမှ သုံးရမှာလေ။
သို့သော် သူမက လီဖန်း၏ ယုံကြည်မှုကိုလည်း တွေ့မြင်လိုက်ရတာကြောင့် သူ့ကို ဆက်တားရမလားလို့ ခဏတာ တွန့်ဆုတ်သွားသည်။
"ဟုတ်တယ် တစ်ညတည်း ချမ်းသာဖို့ပေါ့။ ဆင်းရဲသား ကောင်လေးတွေ အားလုံးက ဒီလို လှပတဲ့ အိပ်မက်ကို မက်လေ့ရှိကြတယ်။ အခု အခွင့်အရေးက မင်းရဲ့ ရှေ့တည့်တည့်မှာပဲ မင်း ဆုပ်ကိုင်နိုင်မလား ဆိုတာပေါ်ပဲ မူတည်နေပြီ။" ဖုန်းကျွင်း က ထပ်ခါတလဲလဲ မထီမဲ့မြင် ပြုံးလိုက်သည်။
မူလက ဖုန်းကျွင်း က လီဖန်း ထံမှ ခြိမ်းခြောက်မှု အနည်းငယ်ကိုသာ ခံစားခဲ့ရပေမဲ့ ဝေ့ပင်ချင်း ၏ ခုနက ဆွဲထားလိုက်မှုက ဖုန်းကျွင်း ကို ကြီးမားတဲ့ အကျပ်အတည်း ခံစားမှုကို ပေးလိုက်သည်။
အခု သူက လီဖန်း ကို ဝေ့ပင်ချင်း ဘေးက ထွက်သွားစေချင်ရုံတင် မကတော့ဘဲ လီဖန်း တစ်ယောက် သူ့ဘဝရဲ့ ကျန်တဲ့ အချိန်တွေကို ကုတင်ပေါ်မှာပဲ ကုန်ဆုံးစေချင်တော့သည်။
"ကျွန်တော် ဆုပ်ကိုင်ရမှာပေါ့ ဒါပေမဲ့ ဘယ်သူက ကျွန်တော်နဲ့ တိုက်မှာလဲ။ နှစ်ယောက်တစ်ယောက်တော့ မဟုတ်ဘူးမလား။" လီဖန်း က ရှေ့တစ်လှမ်း တိုးလိုက်ပြီး သူ့အကြည့်က ဝမ်မုန် နဲ့ ဟယ်ချန် ကြားမှာ ဟိုဒီ ကစားသလို ဝေ့ကြည့်လိုက်သည်။
"ဟမ့်…. မင်းလိုကောင်ကို ရှင်းဖို့ နှစ်ယောက်တစ်ယောက် မလိုပါဘူး!" ဝမ်မုန် မထီမဲ့မြင် ပြောလိုက်ပြီး ခေါင်းလှည့်ကာ "ချန်ညီ ငါတို့က ညီအစ်ကိုတွေပဲ။ ခဏနေ ဘယ်သူပဲ တက်တိုက်တိုက် ဆုကြေးကို အတူတူ ခွဲယူမယ် ဘယ်လိုလဲ။"
"ပြဿနာ မရှိဘူး။" ဟယ်ချန် က သိပ်မတွန့်ဆုတ်ဘဲ သဘောတူလိုက်သည်။ သူသာ သဘောမတူရင် လီဖန်း က ဝမ်မုန် ကို ရွေးလိုက်တဲ့အခါ သူ ဘာမှ ရလိုက်မှာ မဟုတ်ဘူးလေ။
"ညီအစ်ကိုကောင်းတွေ ပီသပါပေတယ်!" ဝမ်မုန် က ဟယ်ချန် ၏ ပခုံးကို ပုတ်လိုက်ပြီး လီဖန်း ကို ကြည့်ကာ "ကဲ လာစမ်း မင်း ဘယ်သူနဲ့ တိုက်ချင်လဲ။"
"ခင်ဗျားပဲ။" လီဖန်း က ဝမ်မုန် နဲ့ ဟယ်ချန် ဘယ်သူ ပိုသန်မာလဲ ဘယ်သူ ပိုအားနည်းလဲ မသိတာကြောင့် ဝမ်မုန် ကိုပဲ တိုက်ရိုက် ရွေးချယ်လိုက်သည်။
"အာမုန် အပြင်းဆုံးသာ ထိုး ငါ့ကို စိတ်မပျက်စေနဲ့။" ဖုန်းကျွင်း က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"သခင်လေး ဖုန်း စောင့်ကြည့်နေလိုက်ပါ!" ဝမ်မုန် က ယုံကြည်မှု အပြည့် ရှိနေသည်။ တိုက်ခိုက်ရေးနဲ့ ပတ်သက်လာရင် မင်ကျူးမြို့ မှာ သူ ဘယ်သူ့ကိုမှ တကယ် မကြောက်ဘူး။
"ယှဉ်ပြိုင်တာကတော့ ရတယ် ဒါပေမဲ့ အသက်သေဆုံးတဲ့အထိတော့ မဖြစ်စေနဲ့။ မင်းတို့နှစ်ယောက် လုပ်နိုင်မလား။" ကျန်းဟုန်မောင် က ဒီတိုက်ပွဲကို တားလို့ မရမှန်း သိတာကြောင့် ရလဒ်ကို လက်ခံနိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာပဲ ထိန်းချုပ်နိုင်တော့သည်။
"စိတ်မပူပါနဲ့ ညွှန်ကြားရေးမှူး ကျန်း ဝမ်မုန်က သူ ဘာလုပ်နေလဲ သူ သိပါတယ်။" ဖုန်းကျွင်းက ချက်ချင်း သဘောတူလိုက်သည်။ သူ လိုချင်တာက လီဖန်းကို အကြောသေသွားဖို့ပဲ။ ဝမ်မုန်သာ လီဖန်း ကို သတ်လိုက်ရင် ဖုန်း မိသားစုရဲ့ သြဇာအာဏာနဲ့တောင်မှ ဒီကိစ္စကို အပြည့်အဝ ဖုံးဖိထားနိုင်မှာ မဟုတ်ဘူး။
လီဖန်းကလည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။ သူ လိုချင်တာက ဝမ်မုန်ကို အနိုင်တိုက်ပြီး မစ်ရှင်ကို ပြီးမြောက်ဖို့ပဲ။ လူသတ်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။
"ကောင်းပြီ။" ကျန်းဟုန်မောင် ခေါင်းညိတ်လိုက်ပြီး ရဲစခန်းမှူးကို "အကြီးအကဲ စောင့်ကြည့်ကင်မရာတွေ အကုန် ပိတ်ပစ်လိုက်ဖို့ ခင်ဗျားကို အကူအညီ တောင်းပါရစေ။"
အကြီးအကဲက အမိန့်ကို နာခံပြီး ဝင်းထဲက စောင့်ကြည့်ကင်မရာ အားလုံးကို အမြန် ပိတ်ပစ်လိုက်သည်။
လီဖန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး ကျန်းဟုန်မောင် ကို စိတ်ထဲကနေ လက်မထောင်ပြလိုက်မိသည်။
ဒီလိုဆိုရင် ခဏနေ ဘာပဲ ဖြစ်ဖြစ် ရဲတွေဘက်က ဖြေရှင်းလို့ ရနိုင်တဲ့နေရာ အများကြီး ကျန်နေသေးတယ်။ သူက ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တက်လာနိုင်တဲ့ လူတစ်ယောက် ပီသပါပေတယ်။
လူတိုင်းရဲ့ အကြည့်အောက်မှာ လီဖန်းက နေရာလွတ်တစ်ခုဆီ လျှောက်သွားပြီး ရပ်လိုက်ကာ ဝမ်မုန် ကို လက်ယက်ခေါ်လိုက်သည်။
ဝမ်မုန် မထီမဲ့မြင် ပြုံးလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာကာ လီဖန်း နဲ့ သုံးမီတာအကွာမှာ ရပ်တန့်လိုက်ပြီး သူ့ရဲ့ အသင့်အနေအထားကို ယူလိုက်သည်။
အဝေးတစ်နေရာမှာတော့ ကျန်းဟုန်မောင် နဲ့ တခြား ရဲအရာရှိကြီးတွေ စတင် ဆွေးနွေးနေကြသည်။
"ဒီ ဝမ်မုန်ကို ငါ သိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က သူ မင်ကျူးမြို့ တိုက်ခိုက်ရေး ချန်ပီယံဆုကို ရခဲ့ဖူးတယ်။ သူ့ခွန်အားက မသေးဘူး။"
"အင်း ငါလည်း သိတယ်။ ဗိုလ်လုပွဲမှာ သူ့ပြိုင်ဘက်က ငါတို့ ရဲဌာနရဲ့ တိုက်ခိုက်ရေးဘုရင် ရှောင်ကျန့် လေ။ ရှောင်ကျန့် ခြောက်ချီအထိ တိုက်ခဲ့ပေမဲ့ သူ့ကို ရှုံးသွားတယ်။"
"ရှောင်ကျန့်؟ တစ်မြို့လုံး ရဲအရာရှိ ပြိုင်ပွဲမှာ ပထမရခဲ့တဲ့ တစ်ယောက်လား။"
"ဟုတ်တယ် အဲ့ဒါ သူပဲ။"
"ဟူး ဒါဆို ဒီ ဝမ်မုန် က သန်မာရုံတင် မဟုတ်ဘူး ထူးထူးခြားခြား သန်မာတာပဲ!"
အနီးအနားမှာ ရှိနေတဲ့ ဝေ့ပင်ချင်းက သူတို့ရဲ့ ဆွေးနွေးသံတွေကို ကြားလိုက်ရတယ်။ သူမရဲ့ သိမ်မွေ့တဲ့ မျက်ခုံးတွေ တွန့်သွားပြီး မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ အထင်းသား ပေါ်နေခဲ့တယ်။
ဖုန်းကျွင်း ကတော့ ဆန့်ကျင်ဘက်ပဲ အေးအေးဆေးဆေး ရှိနေပြီး စိတ်လှုပ်ရှားမှု အနည်းငယ်တောင် တွေ့နေရသည်။ ဒီ လီဖန်း က သူ့နေရာသူ မသိဘဲ သူ့ကိုတောင် လာပြိုင်ချင်နေသေးတယ်။ သူက 'သေ' ဆိုတဲ့ စကားလုံးကို ဘယ်လိုပေါင်းရမှန်းတောင် တကယ် မသိတဲ့ပုံပဲ!
လူတိုင်း ဆွေးနွေးနေကြတုန်းမှာပဲ ဝမ်မုန် က အအေးစက်စက် အော်ဟစ်လိုက်ပြီး လှောင်အိမ်ထဲက လွတ်လာတဲ့ ကျားတစ်ကောင်လို လီဖန်း ဆီကို ပြေးဝင်သွားသည်။
"အရမ်းမြန်တာပဲ!" ကျန်းဟုန်မောင် ၏ မျက်လုံးများ အရောင်တောက်သွားပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝမ်မုန် က လီဖန်း ရှေ့ကို ရောက်လာပြီး လီဖန်း ၏ မျက်နှာဆီသို့ တည့်တည့်တိုး လက်သီးတစ်လုံး ထိုးလိုက်သည်။
လီဖန်း က တည်ငြိမ်စွာနဲ့ နောက်သို့ လှန်ချပြီး လက်သီးကို ရှောင်လိုက်သည်။ သို့သော် ဝမ်မုန် က ဒီလို ဖြစ်လာမယ်လို့ ကြိုတင် မျှော်လင့်ထားပြီးသား။ သူ ချက်ချင်း မထီမဲ့မြင် ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်ချကာ ခြေထောက်နဲ့ လှဲကန်လိုက်သည်။
"ခြေကန်လှဲကွက်!" ကျန်းဟုန်မောင် အော်လိုက်သည်။
တိုက်ခိုက်ရေး သခင်တစ်ယောက်က ခြေကန်လှဲကွက် သုံးတာက အံ့ဩစရာတော့ မဟုတ်ဘူး ဒါပေမဲ့ ဝမ်မုန်၏ တိုက်ကွက် အပြောင်းအလဲက အရမ်း မြန်လွန်းတာကြောင့် သူ့ပြိုင်ဘက်ကို တုံ့ပြန်ဖို့ အချိန်တောင် မပေးလိုက်ဘူး။
ဝေ့ပင်ချင်း ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားပြီး မျက်နှာပေါ်က စိုးရိမ်စိတ်က ပိုမို နက်ရှိုင်းလာသည်။
ဖုန်းကျွင်း ၏ မျက်လုံးများ ကျယ်လာပြီး ရက်စက်တဲ့ အကြည့်တစ်ခု ပေါ်လာသည်။ သူက လီဖန်းကို ဝမ်မုန် ကန်လှဲပြီး ထိုးကြိတ်နေတာကို ကိုယ်တိုင် မြင်ချင်နေသည်။
လီဖန်း တစ်ယောက် ဒီတစ်ကွက်နဲ့ ရှုံးတော့မယ်လို့ လူတိုင်း ထင်နေတဲ့ အချိန်မှာပဲ လီဖန်း က ရုတ်တရက် ခါးကို လိမ်လိုက်ပြီး ခြေထောက်တွေကို မြေပြင်ကနေ ကြွကာ လေထဲမှာ ၃၆၀° တစ်ပတ် လည်သွားသည်။
ဝမ်မုန် အံ့ဩသွားပေမဲ့ တည်ငြိမ်မှု မပျက်ခဲ့ပေ။ လီဖန်း မြေပြင်ပေါ် ပြန်ကျလာချိန်မှာ သူက ထရပ်ပြီး နောက်ထပ် လက်သီးတစ်လုံး ထိုးလိုက်သည်။
လီဖန်း မထီမဲ့မြင် ပြုံးလိုက်ပြီး မြေပြင်ပေါ် ကျတဲ့ အခိုက်အတန့်မှာပဲ လက်သီးတစ်လုံး ပြန်ထိုးလိုက်သည်။
"ဘုန်း"
လက်သီးနှစ်လုံး ဆုံသွားသည်။
"ခရက်"
ကြည်လင် ပြတ်သားတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
ဝမ်မုန် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ အရှိန်ဖြင့် လွင့်စင်သွားသည်။
ဝမ်မုန် သူ့ကိုယ်သူ ပြန်ထိန်းနိုင်မှ လူတိုင်းက သူ့ရဲ့ ညာဘက်လက်မောင်းဟာ ပျော့တွဲကျနေပြီး မျက်နှာကလည်း မယုံနိုင်လောက်အောင် ဖြူဖပ်ဖြူရော် ဖြစ်နေတာကို သတိထားမိလိုက်ကြသည်။
ထိုအချိန်မှာပဲ လီဖန်း က ရှေ့သို့ တိုးကပ်သွားပြီး ဝမ်မုန် ၏ မျက်နှာဆီသို့ လက်သီးတစ်လုံး ထိုးလိုက်သည်။
"ငါ အရှုံးပေးတယ်!" ဝမ်မုန် အကျယ်လောင်ဆုံး အော်ဟစ်လိုက်သည်။
"ဝှစ်"
လီဖန်း ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့လက်သီးက ဝမ်မုန် ၏ နှာခေါင်းနဲ့ တစ်လက်မ နှစ်လက်မလောက်ပဲ ကွာတော့သည်။
ပထမဆုံးအနေနဲ့ ဘေးနားမှာ ခဏတာ တိတ်ဆိတ်သွားပြီး နောက်ကနေ အံ့ဩတကြီး အသက်ရှူသံများ ထွက်ပေါ်လာခဲ့သည်။