အခန်း (၁၁) – မစ်ရှင်အသစ်: သရဖူအတွက် တိုက်ပွဲဝင်ခြင်း

နတ်ဘုရားမလေးများအား ကယ်တင်ခြင်းစနစ်

စကားပြောလိုက်သူကတော့ လီဖန်း နဲ့အတူ ကုမ္ပဏီကို တစ်ချိန်တည်း ဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ကျန်းယွမ် ဖြစ်တယ်။ လီဖန်းရဲ့ စွမ်းဆောင်ရည်က သူ့ထက် ပိုသာတဲ့အတွက် ကျန်းယွမ်က သူ့ကို အမြဲတမ်း ပစ်မှတ်ထားလေ့ရှိတယ်။

မနေ့က လီဖန်း ကလွဲလို့ တခြား လုပ်ဖော်ကိုင်ဖက်တွေအားလုံး သူဌေး တောင်းဆိုတဲ့အတိုင်း အချိန်ပို ဆင်းခဲ့ကြတယ်။ ဒါကြောင့် လီဖန်းရဲ့ “ခွင့်မရှိဘဲ ပျက်ကွက်ခြင်း” နဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် တချို့က တော်တော်လေး မကျေမနပ် ဖြစ်နေကြပြီး အဲ့ဒီလူတွေကပဲ ခုနက ရယ်မောခဲ့ကြတာ ဖြစ်တယ်။

တချို့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒါ မတရားဘူးလို့ ခံစားရတယ်။ ဒီမှာ လူတိုင်းက ဝန်ထမ်းတွေချည်းပဲ လီဖန်းက ဘာအမှားမှ မလုပ်ထားဘူး ဒီတော့ ခင်ဗျားတို့အားလုံးက သူ့ကို ဝိုင်းလှောင်ပြောင်နေတာက ဘာအဓိပ္ပာယ်လဲ။

“ကျန်းယွမ် မင်း ဘာအဓိပ္ပာယ်လဲ။” လီဖန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကျန်းယွမ်ကို ကြည့်ကာ ပြောလိုက်တယ်။

“ဘာမှမဖြစ်ပါဘူး မင်း နေမကောင်းဘူး ကြားလို့ စိတ်ပူလို့ မေးကြည့်တာပါ။”

“အိုး ဟုတ်သားပဲ မနေ့က မင်း အချိန်ပို မလာတဲ့အတွက် မင်း အရင်က ကိုင်တွယ်ခဲ့တဲ့ ဖောက်သည်တွေ အကုန်လုံးကို သူဌေးက ငါ့ဆီ ပေးလိုက်ပြီ။ အာ…. ဒါတွေအားလုံးက ပိုက်ဆံပုံကြီးတွေပဲ။ စဉ်းစားကြည့်ရုံနဲ့တင် ငါ စိတ်လှုပ်ရှားနေပြီ။” ကျန်းယွမ်က သူ့ဘောပင်ကို လှည့်ရင်း လှောင်ပြောင်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

သူတို့အားလုံးက အရောင်းဝန်ထမ်းတွေ ဖြစ်ပြီး ဖောက်သည်တွေဆိုတာ ဝင်ငွေကို ကိုယ်စားပြုတယ်။ လီဖန်း ရဲ့ စွမ်းဆောင်ရည်က အရောင်းဝန်ထမ်း အားလုံးထဲမှာ ထိပ်ဆုံး သုံးယောက်ထဲ ပါတာကြောင့် သူ့ရဲ့ ဖောက်သည် အရင်းအမြစ်တွေကလည်း သဘာဝအတိုင်း အရည်အသွေး အလွန် မြင့်မားတယ် ဒါကြောင့် ကျန်းယွမ် ဒီလောက် ကျေနပ်နေတာကို ရှင်းပြစရာမလိုတော့ဘူး။

“ကျန်းယွမ် သူငယ်ချင်း ငါ အရမ်းမနာလို အားကျ မုန်းတီးနေပြီ။ ဒီည မင်း ငါတို့ကို ဒကာခံရမယ်။”

“ဟုတ်တယ် ဒကာခံရမယ်။ လရောင်ကလပ်ကို သွားပြီး ပျော်ကြရအောင်။”

“လရောင်ကလပ် ကိုတော့ မေ့လိုက်ပါ အဲ့ဒီမှာ တစ်ည သုံးလိုက်တာနဲ့ ငါတို့ တစ်နှစ်စာ ဝင်ငွေတောင် ကုန်သွားနိုင်တယ်။ ဒါပေမဲ့ ပင်လယ်စာတော့ သွားစားလို့ ရတယ်မလား ဟုတ်တယ်မလား ကျန်းယွမ်။”

ခုနက ရယ်မောနေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သူ့ကို စနောက်လာကြသည်။

“တော်ပြီ မင်းတို့အားလုံး နည်းနည်း လျှော့ပြောကြ။”

“လီဖန်း သူဌေးက ဒေါသထွက်ပြီး ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ သူဌေးနဲ့ သွားပြီး ကောင်းကောင်းမွန်မွန် စကားပြောကြည့်ပါ သူ စိတ်ပြောင်းသွားနိုင်ပါတယ်။”

လီဖန်း အပေါ် မတရားဘူးလို့ ခံစားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဝင်ပြောကြရာ တစ်ခဏအတွင်းမှာပဲ ရုံးခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

“လီဖန်း မနေ့က ဘာလို့ အချိန်ပို မလာတာလဲဆိုတာ ရှင်းပြဖို့ ငါ့ရုံးခန်းကို လာခဲ့။ ကျန်တဲ့လူတွေ အလုပ်ပြန်လုပ်ကြ။ ဒါ ဘယ်လို ဆူညံပွက်လောရိုက်နေတာလဲ။” ဒီအချိန်မှာ သူဌေးဖြစ်သူ ကောင်းခွန်းက မန်နေဂျာရုံးခန်းထဲကနေ ညိုမှောင်တဲ့ မျက်နှာနဲ့ ထွက်လာတယ်။

ရုံးခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ကျန်းယွမ် နဲ့ တခြားသူတွေရဲ့ မျက်နှာပေါ်က သူများ ဒုက္ခရောက်တာ ဝမ်းသာနေတဲ့ အမူအရာက ပိုလို့တောင် ထူထဲလာတယ်။ ဒါက မုန်တိုင်းမတိုင်ခင် ငြိမ်သက်ခြင်းပဲ။ လီဖန်း ဒီတစ်ခါတော့ ခံရတော့မယ် သူဌေးရဲ့ ဆူပူကြိမ်းမောင်းမှုက တော်တော် ဆိုးရွားနိုင်တယ်။

“ရှင်းပြဖို့ ဆိုတာကတော့ မေ့လိုက်ကြရအောင်။ ကျွန်တော်က အလုပ်ထွက်စာ လာတင်တာ။” လီဖန်း ပြုံးလိုက်တယ်။ ရှင်းပြရမယ်။ သူ ဘာကို ရှင်းပြရမှာလဲ။ အလုပ်ထွက်တော့မယ့် လူတစ်ယောက်အတွက် ရှင်းပြနေရတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

ယောကျ်ားကောင်း တစ်ယောက်ဟာ ဘယ်အချိန်မှာ ကိုင်းရမလဲ ဘယ်အချိန်မှာ မတ်မတ်ရပ်ရမလဲ ဆိုတာ သိတယ်။ ကိုယ့်မှာ ခွန်အား မရှိတဲ့အခါ သဘာဝအတိုင်း အလိုက်သင့် နေထိုင်သင့်တယ်။ ဒါပေမဲ့ ကိုယ့်မှာ လုံလောက်တဲ့ ခွန်အား ရှိရဲ့သားနဲ့ အရှက်ခွဲခံရတာကတော့ အဲ့ဒါက အရမ်း သတ္တိနည်းရာ ကျလွန်းတယ်။

ကျန်းယွမ် နဲ့ တခြားသူတွေရဲ့ မျက်နှာပေါ်က အပြုံးတွေ ခဲသွားတယ်။ သူဌေးဖြစ်သူ ကောင်းခွန်း တောင်မှ အံ့ဩသွားတဲ့ အမူအရာ ပေါ်လာတယ်။

လီဖန်း အလုပ်ထွက်ချင်တယ် ဟုတ်လား။ သူတို့ ကြားမှားတာလား။ သူက အမြဲတမ်း အလုပ်မှာ ကြိုးကြိုးစားစား လုပ်ခဲ့တာလေ အခုမတိုင်ခင်အထိ သူ အလုပ်ထွက်ချင်တဲ့ လက္ခဏာ တစ်ခုမှ မပြခဲ့ဘူး။

“လီဖန်း မင်း ငါ့ကို ခြိမ်းခြောက် အကျပ်ကိုင်နေတာလား။” ကောင်းခွန်း မထီမဲ့မြင် ပြုံးလိုက်တယ်။ လီဖန်း က တကယ် အလုပ်ထွက်ချင်တယ်လို့ သူ မယုံဘူး သူက လီဖန်း က အပြစ်တင်ခံရမယ့် အရေးကနေ ရှောင်ရှားဖို့ ဒါကို အသုံးချနေတာလို့ပဲ ထင်ခဲ့တယ်။

“လီဖန်း မင်း တော်တော် အတွေ့အကြုံနုသေးတာပဲ။ အပြစ်ဒဏ်ကနေ ရှောင်ရှားဖို့ မင်းရဲ့ အလုပ်ထွက်ခြင်းနဲ့ သူဌေးကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ ကြိုးစားနေတာလား။” ကျန်းယွမ် က လှောင်ရယ်လိုက်ပြီး ကောင်းခွန်း ဆီ အပြေးအလွှား သွားကာ “သူဌေး ကျွန်တော် အာမခံနိုင်တယ် လီဖန်း ဘယ်တော့မှ အလုပ်ထွက်ရဲမှာ မဟုတ်ဘူး။”

“ဟုတ်တယ် အခုက အလုပ်ခေါ်တာ နှေးကွေးနေတဲ့ ရာသီလေ။ သူသာ အခု အလုပ်ထွက်သွားရင် အလုပ်သစ် ရှာတွေ့ဖို့ ခက်လိမ့်မယ်။”

“လီဖန်း က ဒီမှာ အလုပ်လုပ်လာတာ ဒီလောက်ကြာပြီ အဆက်အသွယ်တွေလည်း အများကြီး တည်ဆောက်ထားရတာ။ သူသာ အလုပ်ထွက်လိုက်ရင် ဒါတွေအားလုံး အလကား ဖြစ်သွားမှာ မဟုတ်ဘူးလား။ သူ အလုပ်ထွက်ရဲလိမ့်မယ်လို့ ငါလည်း မယုံဘူး။”

“လီဖန်း စိတ်လိုက်မာန်ပါ မလုပ်နဲ့။ အရာရာကို ကောင်းကောင်းမွန်မွန် ဆွေးနွေးကြရအောင်။”

“အလုပ်တစ်ခု ရှာရတာ လွယ်တာ မဟုတ်ဘူး။ သည်းခံရမှာကို သည်းခံလိုက်ပါ။”

လီဖန်း ၏ စကားတစ်ခွန်းကြောင့် ရုံးခန်းတစ်ခုလုံး နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။

“မင်းတို့က သူ့ကို ဘာလို့ ဝိုင်းဖျောင်းဖျနေတာလဲ။ သူက ထွက်ချင်မှတော့ ငါလည်း မတားဘူး။ ဒါပေမဲ့ မသွားခင် မင်း ခံဝန်ကတိ လက်မှတ် ရေးရလိမ့်မယ်။” ကောင်းခွန်း က မကျေမနပ် ပြောလိုက်သည်။ လီဖန်း က ကစားချင်မှတော့ သူလည်း လိုက်ကစားပေးပြီး ဘယ်သူ ပိုမာလဲ ကြည့်ရသေးတာပေါ့။

ဒီစကား ထွက်လာတာနဲ့ ရုံးခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

“ဘယ်လိုမျိုး ခံဝန်ကတိ လက်မှတ်လဲ။” လီဖန်း က အလုပ်ထွက်ချင်ရုံ သက်သက် ဖြစ်ပြီး ကိစ္စကြီးအောင် မလုပ်ချင်တာကြောင့် သူ့လေသံက အတော်လေး တည်ငြိမ်နေသေးသည်။

ကောင်းခွန်း က အနည်းငယ် ပြုံးလိုက်ပြီး စီးကရက် တစ်လိပ် ထုတ်လိုက်ရာ ကျန်းယွမ် က ချက်ချင်း မီးခြစ်တစ်လုံး ဆွဲထုတ်ပြီး သူ့အတွက် မီးညှိပေးလိုက်သည် သူ့မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အပြုံးများ ပြည့်နေပြီး အလွန် တည်ငြိမ်နေတဲ့ ပုံစံနဲ့။

ဒီမြင်ကွင်းကို မြင်တော့ လုပ်ဖော်ကိုင်ဖက် တချို့က မျက်နှာပေါ်မှာ ရွံရှာမှု့တွေ ချက်ချင်း ပေါ်လာပေမဲ့ သူတို့ ဘာမှ လုပ်လို့မရဘူး။ ဒီလို လူမျိုးတွေက သူဌေးကို ပျော်အောင် လုပ်ပေးနိုင်တာကိုး တခြားသူတွေက ဘာပြောနိုင်မှာလဲ။

“မင်း အလုပ်ထွက်သွားပြီးနောက် အရင် ဖောက်သည်တွေကို ဆက်သွယ်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် ပေါင်းပြီး ယွမ် ၁ သိန်း အပေါင်ငွေ။ တစ်နှစ်ကြာတဲ့အထိ မင်း ငါ့ဆီက ဖောက်သည် တစ်ယောက်မှ မခိုးသွားဘူးဆိုရင် အဲ့ဒီ အပေါင်ငွေကို မင်းဆီ ပြန်ပေးမယ်။ ဘယ်လိုလဲ။” ကောင်းခွန်း က မီးခိုးငွေ့ တစ်ချက် မှုတ်ထုတ်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

တခြား လုပ်ဖော်ကိုင်ဖက်တွေ အံ့အားသင့်သွားတယ် ကျန်းယွမ် တောင်မှ ပါးစပ်အဟောင်းသားနဲ့ ကြောင်အသွားသည်။

သေစမ်း ဒီလိုမျိုးလည်း ရှိသေးလား။ အလုပ်ထွက်ဖို့ ခံဝန်ကတိ လက်မှတ် ရေးရပြီး ယွမ် ၁ သိန်း အပေါင်ငွေ ပေးရဦးမယ်။ သောက်ကျိုးနည်း ဒါက ကုမ္ပဏီ မဟုတ်ဘူး ရာဇဝတ်ဂိုဏ်း တစ်ခုပဲ။

“ကျွန်တော် မရေးဘူးဆိုရင်ရော။” လီဖန်း ဒေါသကြောင့် ရယ်လိုက်မိသည်။ ကောင်းခွန်း လို အရှက်မရှိတဲ့ လူမျိုး သူ တစ်ခါမှ မမြင်ဖူးဘူး။

“မရေးဘူး။ မရေးရင် မင်းရဲ့ လူမှုဖူလုံရေး လွှဲပြောင်းမှု လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါပေါ့ မင်း ငါ့ကို တရားစွဲကြည့်လို့လည်း ရတယ် ဘယ်သူက အချိန်ဆွဲနိုင်မလဲ ကြည့်ကြတာပေါ့။”

“အမှန်အတိုင်း ပြောရရင် ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။ မင်းက နယ်ကနေ လာတဲ့ ဆင်းရဲသား ကောင်လေး တစ်ယောက်ပဲ။ မင်းမှာ ငါ့ကို တိုက်ခိုက်ဖို့ ဘာ အရင်းအနှီး ရှိလို့လဲ။” ကောင်းခွန်း ကလည်း ရယ်မောလိုက်သည် အရမ်းကို မထီမဲ့မြင် ပြုသော ရယ်မောခြင်း ဖြစ်သည်။ လီဖန်း လို သနားစရာ ရှုံးနိမ့်သူ တစ်ယောက်ကို သူက သူ ကြိုက်သလို ကစားလို့ ရတာ မဟုတ်ဘူးလား။

တခြား လုပ်ဖော်ကိုင်ဖက် အားလုံး မျက်နှာ မကောင်းကြတော့ဘူး။ ကောင်းခွန်း က လီဖန်း ကို ဒီလို ဆက်ဆံရဲမှတော့ သူတို့ကိုလည်း ဒီလိုပဲ ဆက်ဆံရဲမှာပဲ။ ဒီလိုဆိုရင် ဘယ်သူက အလုပ်ထွက်ဖို့ ထပ်ပြောရဲတော့မှာလဲ။

“လီဖန်း ခံဝန်ကတိ လက်မှတ်ကို မြန်မြန် ရေးလိုက်စမ်းပါ။ မင်း သူဌေးကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါမှမဟုတ် မင်း ဒူးထောက်ပြီး သူဌေးကို တောင်းပန်လိုက်ပါလား သူက သနားပြီး မင်းကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်တာပေါ့။” ကျန်းယွမ် ကတော့ ခြွင်းချက် ဖြစ်သည် သူက စိုးရိမ်တဲ့ အမူအရာ မပြရုံတင် မကဘဲ စိတ်တောင် လှုပ်ရှားနေသေးသည်။

လီဖန်း ၏ ရင်ထဲမှ ဒေါသများ ဆောင့်တက်လာသည်ကိုသာ ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ညီမလေးကျိလင်၏ အသံ ထွက်ပေါ်လာသည်: “ဒင် အသုံးပြုသူ မစ်ရှင်အသစ် ရောက်ရှိနေပါတယ်။ ချက်ချင်း ကြည့်ရှုလိုပါသလား။”

“ကြည့်မယ်။”

“မစ်ရှင်: ပြင်းထန်သော ဒေါသ”

“မစ်ရှင် ရည်မှန်းချက်: ကီးဘုတ် တစ်လုံး ကောက်ယူပြီး အရှက်မရှိတဲ့ သူဌေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပါ။ သွား သုံးချောင်း ကျိုးအောင် ရိုက်နိုင်ပါက မစ်ရှင် အောင်မြင်သည်ဟု သတ်မှတ်မည်။”

“မစ်ရှင် ဆုလာဘ်: အတွေ့အကြုံမှတ် ၅၀၊ စနစ်မှတ် ၅၀၀။”

“မှတ်ချက်: လက်သီးနဲ့ ဖြေရှင်းလို့ ရတဲ့ ပြဿနာတွေက ပြဿနာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က မင်းကို စိတ်မချမ်းသာအောင် လုပ်ရင် အဲ့ဒီကောင်ကို ရိုက်ပစ်လိုက်။ မင်း စိတ်မချမ်းသာမှု မပြေသေးဘူးဆိုရင် နှစ်ခါ ထပ် ရိုက်ပစ်လိုက်။”

မစ်ရှင် ဖော်ပြချက်ကို ဖတ်ပြီးနောက် လီဖန်း ပြုံးလိုက်သည်။

သူလည်း ခုနက ကောင်းခွန်း ကို ကောင်းကောင်းမွန်မွန် ရိုက်နှက်ပစ်လိုက်ရမလားလို့ စဉ်းစားနေခဲ့တာ ဒါပေမဲ့ ဥပဒေ ပြဿနာတွေ ဝင်မှာ ကြောက်လို့ သူ လက်မလှုပ်ရှားခဲ့တာ ဖြစ်သည်။

အခုတော့… ဟဲဟဲ သူ့ ညီလေး ၁ စင်တီမီတာ တိုသွားမှာကို တားဆီးဖို့အတွက်ပဲ ဖြစ်ဖြစ် သူ ကောင်းခွန်း ကို ကောင်းကောင်းမွန်မွန် ရိုက်နှက်ပစ်ရမည်။

“မင်း ဘာရယ်နေတာလဲ။” စီးကရက် သောက်နေသော ကောင်းခွန်း ကြောင်သွားသည်။

ဒီကောင် ရူးနေတာလား။ သူ့မျက်နှာတည့်တည့်မှာ အဆဲခံနေရတာတောင် သူက ရယ်နိုင်တဲ့ စိတ် ရှိနေတုန်းလား။ အနှိပ်စက်ခံချင်စိတ် ရှိနေတာလား။

“သူဌေး သူက ခင်ဗျားကို မျက်နှာချိုသွေးဖို့ ကြိုးစားနေတာ။” ကျန်းယွမ် က ဘေးမှ မထီမဲ့မြင် ပြောလိုက်သည်။

ထိုအချိန်မှာပင် လီဖန်း က စားပွဲပေါ်မှ ကီးဘုတ် တစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ကောင်းခွန်း ၏ ရှေ့သို့ ပြေးသွားကာ ကီးဘုတ်ကို မြှောက်ပြီး သူ့မျက်နှာထဲသို့ ရိုက်ချလိုက်သည်။

“ဘုန်း”

ကီးဘုတ်က ကောင်းခွန်း ၏ မျက်နှာကို ထိမှန်သွားပြီး နှာခေါင်းသွေးများ ပွင့်ထွက်သွားသည်။

“ခံဝန်ကတိ လက်မှတ် ရေးရမယ် ဟုတ်လား။”

“ဘုန်း!”

“ယွမ် ၁ သိန်း အပေါင်ငွေ ပေးရမယ် ဟုတ်လား။”

“ဘုန်း!”

“ပိုက်ဆံတွေ အများကြီး ရှိတယ် ဟုတ်လား။”

“ဘုန်း!”

လီဖန်း က မေးခွန်းတစ်ခွန်း မေးလိုက်တိုင်း ကောင်းခွန်း ၏ မျက်နှာကို ကီးဘုတ်ဖြင့် ရိုက်ချလိုက်သည်။ ကောင်းခွန်း လုံးဝ မရှောင်တိမ်းနိုင်ဘဲ ထပ်ခါတလဲလဲ နောက်ဆုတ်ရင်း နံရံနှင့် ကပ်သွားသည်။

လီဖန်း ၏ ရုတ်တရက် ပေါက်ကွဲမှုက ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက် အားလုံးကို အံ့အားသင့်သွားစေသည်။ သေစမ်း ဒါ အရမ်း ရက်စက်တာပဲ။ ဒါက အရင်က နူးညံ့ပြီး ယဉ်ကျေးတဲ့ လီဖန်း ဟုတ်သေးရဲ့လား။

အဓိက က လီဖန်း က ရပ်တန့်မယ့် အရိပ်အယောင် လုံးဝ မပြဘဲ ဘယ်သူကမှလည်း သူ့ကို ရှေ့တိုး တားဆီးဖို့ မရဲကြဘူး။

“လီဖန်း မင်း ရူးနေတာလား။ မင်း ရာဇဝတ်မှု ကျူးလွန်နေတာ သိရဲ့လား။” ကောင်းခွန်း နောက်ဆုတ်စရာ နေရာ မရှိတော့ဘဲ “ဘုန်း” ကနဲ မြေပြင်ပေါ် ထိုင်ကျသွားကာ ဖူးယောင်နေသော မျက်နှာကို အုပ်ကိုင်ရင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ငါ့ကို တိုက်ခိုက်မယ် ဟုတ်လား။” လီဖန်း မထီမဲ့မြင် ပြုံးလိုက်ပြီး ကီးဘုတ်ကို ထပ်မြှောက်ကာ သူ့မျက်နှာဆီ ရိုက်ချလိုက်သည်။

“ဘုန်း”

နောက်ဆုံး ပဉ္စမအကြိမ် ကီးဘုတ်ဖြင့် မျက်နှာကို ရိုက်ချလိုက်ချိန်တွင် သွေးစွန်းနေသော သွား သုံးချောင်း ကောင်းခွန်း ၏ ပါးစပ်ထဲမှ လွင့်ထွက်သွားသည်။

“ဒင် ဂုဏ်ပြုပါတယ် အသုံးပြုသူ မစ်ရှင် ပြီးမြောက်ပါပြီ။ မစ်ရှင် ဆုလာဘ်များကို ပေးအပ်နေပါပြီ…”

“ဒင် ဂုဏ်ပြုပါတယ် အသုံးပြုသူ အတွေ့အကြုံ ၅၀ မှတ် နှင့် စနစ်မှတ် ၅၀၀ ကို ဆုလာဘ်အဖြစ် ရရှိပါပြီ။”

[အသုံးပြုသူ: လီဖန်း]

[အဆင့်: C-အဆင့်]

[အတွေ့အကြုံ: ၂၀၀ / ၅၀၀]

[စနစ်မှတ်: ၄၀၀၀]

[သိမ်းပိုက်မှတ်: ၀]

[စွမ်းရည်: “ရောနှောကိုယ်ခံပညာ”]

[ဆိုင်းငံ့မစ်ရှင်: နတ်သမီး ဝေ့ပင်ချင်း ကို ကယ်တင်ပါ (၂)]

လီဖန်း အခုမှ လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ‘နတ်သမီး ကယ်တင်ခြင်း စနစ်’ က အစအနောက်ဆုံး အချုပ်အနှောင်ကင်းမဲ့ဆုံး အဆိုးဆုံး စနစ်လို့ ညီမလေးကျိလင် ဘာလို့ ပြောခဲ့လဲဆိုတာ မဆန်းတော့ဘူး။ စနစ် ရဲ့ သဘာဝက တကယ်ကို လုံးဝ စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။

Leave a comment