“သူဌေး ခင်ဗျား အဆင်ပြေရဲ့လား။ ကျွန်တော် လူနာတင်ယာဉ် ခေါ်ပေးရမလား။” ကျန်းယွမ် က ကောင်းခွန်း ၏ ဘေးသို့ အပြေးအလွှား ရောက်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“သေစမ်း ဘာ… လူနာတင်ယာဉ် ခေါ်နေတာလဲ ငတုံးရဲ့။ သူ့ကိုရိုက်…. သူ့ကိုရိုက်စမ်း!” ကောင်းခွန်း က ကျန်းယွမ် ၏ မျက်နှာကို ပိတ်ရိုက်လိုက်ပြီး ကျိန်ဆဲလိုက်သည်။
“သူဌေး ကျွန်တော်…” ကျန်းယွမ် မျက်နှာကို အုပ်ထားရင်း မျက်ရည် ဝဲတဝဲ ဖြစ်သွားသည်။ “သေစမ်း ငါ ဘယ်သူ့ကို သွားထိခိုက်မိလို့လဲ။ ဘာလို့ ငါ့ကို လာရိုက်နေတာလဲ။ ပြီးတော့ လီဖန်းက အရမ်း ကြမ်းတာ ကျွန်တော် သူ့ကိုမနိုင်ဘူး။”
“ဒီနေ့ လီဖန်းကို ဝိုင်းရိုက်တဲ့လူတိုင်း ဒီလ ဘောနပ်စ် နှစ်ဆ ရမယ်!” ကောင်းခွန်း လည်း သတိပြန်ဝင်လာသည်။ ဒီမှာ ရှိတဲ့လူတိုင်းက သူ့ဝန်ထမ်းတွေ သူ အမိန့်ပေးတာတောင် ဘယ်သူက မလှုပ်ရှားဘဲ နေရဲမှာလဲ။
သို့သော် ဝန်ထမ်း အနည်းငယ်သာ စိတ်ဝင်စားသည့် အရိပ်အယောင် ပြပြီး ကျန်သူများကတော့ မျက်နှာသေဖြင့် နေကြသည်။ နောက်နေတာလား။ ခင်ဗျားရဲ့ စကားက ယုံကြည်ရမလားဆိုတာ ထားလိုက်ဦး လီဖန်း က ဒီလောက် ကြမ်းနေတာ ဘယ်သူက သူ့ကို သွားဆွရဲမှာလဲ။
“လီဖန်း ကို ဝိုင်းရိုက်တဲ့လူတိုင်းကို ငါ ငွေသား ယွမ် တစ်သောင်း ပေးမယ် ပြီးတော့ လကုန်ရင် ဘောနပ်စ် နှစ်ဆ ပေးမယ်။” ကောင်းခွန်း စိတ်မရှည်တော့ဘူး။ ကမ်းလှမ်းမှုက မကောင်းသေးဘူးလား။ ဒါဆို သူ ထပ်တိုးမယ်။
ဒီနေ့ ဖြစ်ခဲ့တာက သူ့အတွက် အရှက်ရစရာပဲ။ သူ့နယ်မြေမှာ ဝန်ထမ်းတစ်ယောက်က သူ့ကို ရိုက်နှက်သွားတာ ဒီသတင်းသာ ပျံ့သွားရင် သူ သူဌေး ကောင်းခွန်း မျက်နှာ ဘယ်မှာ သွားထားတော့မလဲ။ ဘာပဲဖြစ်ဖြစ် သူ ဒီနေ့ လီဖန်း ကို ပြင်းထန်တဲ့ ပေးဆပ်မှုတစ်ခု လုပ်ခိုင်းရမယ်။
ငွေက တစ္ဆေကိုတောင် ဆန်ဖွပ်ခိုင်းနိုင်သည်။ ချက်ချင်းပဲ ကျန်းယွမ် အပါအဝင် ဝန်ထမ်း ငါးယောက်လုံး လီဖန်း ကို ကြည့်လိုက်ပြီး သူ့ကို ရိုက်နှက်ချင်စိတ် ပြင်းပြလာကြသည်။ ဒါတွေကလည်း ခုနက ရယ်မောနေခဲ့တဲ့ လူတွေပဲ ဖြစ်သည်။
လီဖန်း အတွက် မတရားဘူးလို့ ခံစားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ အနိုင်ကျင့်သူကို ကူညီလိုစိတ် မရှိသလို သူတို့ကို တားမြစ်ဖို့လည်း စကားမပြောခဲ့ကြဘူး။ သူတို့က ဒီမှာ ဆက် အလုပ်လုပ်ရဦးမှာ ဖြစ်ပြီး သူဌေးကို အမျက်မရှရဲကြဘူး။
“ကျန်းယွမ်။” လီဖန်း က ကျန်းယွမ် ကို လှောင်ပြောင်သလို ကြည့်ရင်း ခေါ်လိုက်သည်။
“ဟမ်။” ကျန်းယွမ် က လီဖန်း ဆီ ပြေးဝင်တော့မလို့ လုပ်နေတုန်း သူ့နာမည် ခေါ်သံကြားလို့ ရပ်တန့်သွားသည်။
“ဒီကိုကြည့်။” လီဖန်း က ကီးဘုတ်ကို မြှောက်လိုက်ပြီး အားကုန် ရိုက်ချလိုက်သည်။
“ဘုန်း!”
အသံအုပ်တစ်ချက်နဲ့အတူ ကျန်းယွမ် မျက်နှာကို အုပ်ရင်း နောက်ပြန် လွင့်စင်သွားသည်။
လီဖန်း က ကျန်းယွမ် ကို မျက်စိထဲ စပါးစူးနေတာ ကြာပြီ။ အငြိုးဟောင်း အငြိုးသစ်တွေ အားလုံး တစ်ပြိုင်တည်း ဖြေရှင်းလိုက်ရတယ် အဲ့ဒီ ကီးဘုတ်နဲ့ ရိုက်ချက်က အရမ်းကို ကျေနပ်စရာ ကောင်းလိုက်တာ။
“ရှီး!”
လီဖန်း ကို ရိုက်နှက်ချင်နေတဲ့ တခြား လုပ်ဖော်ကိုင်ဖက် လေးယောက် ချက်ချင်း အဲ့ဒီအတွေးကို လက်လျှော့လိုက်ကြသည်။ သေစမ်း လီဖန်း အရမ်း ကြမ်းလွန်းတယ် သူတို့ ကီးဘုတ်ရဲ့ ပြင်းထန်တဲ့ ရိုက်ချက်ကို ခံနိုင်မှာ မဟုတ်ဘူး။
“သူဌေး ကောင်းခွန်း ခင်ဗျားအတွက် ကျွန်တော် ရဲခေါ်ပေးရဦးမလား။” လီဖန်း က ထိုင်ချလိုက်ပြီး ကောင်းခွန်း ၏ ပါးကို ကီးဘုတ်ဖြင့် ဖြည်းဖြည်း ပုတ်ရင်း မေးလိုက်သည်။
“လီ… လီဖန်း မင်း… စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ငါ မာရုန် ကို မင်းရဲ့ အလုပ်ထွက်စာ ကိစ္စတွေ ချက်ချင်း ပြီးအောင် လုပ်ခိုင်းလိုက်မယ်။” ကောင်းခွန်း ၏ မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်နေပြီး အသံ တုန်ယင်နေသည်။
ဒီနေ့ ဒီအရှက်တရားကို သူ ဒီအတိုင်း မျိုချလိုက်လို့တော့ သေချာပေါက် မဖြစ်ဘူး ဒါပေမဲ့ အခုချိန်မှာ အရေးကြီးဆုံးက လီဖန်း ရဲ့ စိတ်ခံစားချက်တွေကို ငြိမ်သက်အောင် လုပ်ဖို့ပဲ မဟုတ်ရင် လီဖန်း က ပိုပြီး စိတ်လိုက်မာန်ပါ လုပ်မိသွားမှာ စိုးရတယ်။
“ခံဝန်ကတိ လက်မှတ် ရေးစရာ မလိုတော့ဘူးပေါ့။” လီဖန်း မျက်ခုံးပင့်လိုက်ပြီး ကစားသလို လေသံနဲ့ မေးလိုက်သည်။
“မလို… မလိုပါဘူး။ ငါက မင်းကို နောက်လိုက်တာပါ။ ငါတို့က တရားဝင် ကုမ္ပဏီပါ မင်း ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်ထွက်လို့ ရပါတယ်။” ကောင်းခွန်း က နာကျင်မှုကို အောင့်အီးရင်း ခေါင်းလှည့်ကာ “မာရုန် လီဖန်း ကို စာရွက်စာတမ်းတွေ ပြီးအောင် မြန်မြန် သွားလုပ်ပေးလိုက်။”
မာရုန်က ကုမ္ပဏီရဲ့ HR… ပြီးတော့ ဘဏ္ဍာရေး ပြီးတော့ ဧည့်ကြို ပြီးတော့ သူဌေးရဲ့ အတွင်းရေးမှူး ပြီးတော့… သူ့မယားငယ်။
သူမက ရုပ်ရည် အသင့်အတင့် ရှိတယ် မိတ်ကပ်လိမ်းထားရင် အလွန် ဆွဲဆောင်မှု ရှိပြီး ခန္ဓာကိုယ် အချိုးအစားလည်း ကောင်းသည်။ သူမက ဝတ်စားဆင်ယင်မှု ကောင်းကောင်း တတ်တာကြောင့် သူဌေးရဲ့ နှလုံးသားကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားနိုင်ခဲ့သည်။
ဒါတင်မကဘူး လီဖန်း က ချောတာကြောင့် မာရုန် က သူ့ကို ပရောပရည်လုပ်ဖို့ တစ်ခါ ကြိုးစားခဲ့ဖူးပေမဲ့ လီဖန်း ငြင်းပယ်ခဲ့တယ်။ လီဖန်း က ဘယ်လောက်ပဲ ဆာလောင်နေပါစေ ခန္ဓာကိုယ်ကို သုံးပြီး ရာထူးတက်လာတဲ့ မိန်းမတစ်ယောက်နဲ့တော့ သူ့ဆန္ဒကို ဖြေဖြောက်မှာ မဟုတ်ဘူး။
“ဘာလို့ အစောကတည်းက မပြောတာလဲ။ တကယ်ပဲ စျေးပေါတဲ့ကောင်။” လီဖန်း က ကောင်းခွန်း ၏ ပါးကို ကီးဘုတ်ဖြင့် နောက်ထပ် အကြိမ်အနည်းငယ် ပုတ်လိုက်ပြီးမှ ထရပ်ကာ မာရုန် နှင့်အတူ အလုပ်ထွက်သည့် လုပ်ငန်းစဉ်များ ပြီးမြောက်အောင် လိုက်သွားသည်။
ကောင်းခွန်း က ဒီအတိုင်း လွယ်လွယ် လက်လျှော့မှာ မဟုတ်ဘူးဆိုတာ သူ သိတယ် ဒါပေမဲ့ ဘာဖြစ်လဲ။ ရန်သူလာရင် တားဆီးမယ် ရေလာရင် မြေဖို့မယ်။ သူ ကောင်းခွန်း ကို ရိုက်နှက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အဆိုးဆုံးအတွက် ကြိုတင် ပြင်ဆင်ထားပြီးသား။
“သူဌေး အခု ဘယ်လိုလုပ်မလဲ။” ကျန်းယွမ် က ကောင်းခွန်း ၏ ဘေးသို့ မျက်နှာကို အုပ်ရင်း ရောက်လာပြီး ခါးသီးသော အမူအရာဖြင့် မေးလိုက်သည်။
“ဟမ့် မင်း အရင်ဆုံး လူတွေခေါ်ပြီး လီဖန်း ကို စောင့်ကြည့်ထား သူ ထွက်မပြေးစေနဲ့။ ငါ အကူအညီ သွားခေါ်လိုက်ဦးမယ်။” လီဖန်း အတွင်းဘက် အစည်းအဝေးခန်းထဲ လျှောက်သွားတာကို မြင်တော့ ကောင်းခွန်း သွားကြိတ်လိုက်ပြီး ထရပ်ကာ ဝန်ထမ်းတွေရဲ့ ရှုပ်ထွေးတဲ့ အကြည့်တွေအောက်မှာ ကုမ္ပဏီထဲက ထွက်သွားသည်။
ဆယ်မိနစ်ကျော်ကြာတော့ ကောင်းခွန်း ပြန်ရောက်လာသည်။ သူ့နောက်မှာ တုတ်ရှည်တွေ ကိုင်ထားတဲ့ သန်မာထွားကြိုင်းတဲ့ လူ ဒါဇင်ကျော် ပါလာသည်။
ဒါကို မြင်တော့ ကျန်းယွမ် နဲ့ တခြားသူတွေ ဘာဆက်ဖြစ်တော့မလဲဆိုတာ ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။
“ကျန်းယွမ် လီဖန်း ထွက်သွားပြီလား။” ကောင်းခွန်း အကျယ်ကြီး မေးလိုက်သည်။
“မသွားသေးဘူး သူ အစည်းအဝေးခန်းထဲမှာ အလုပ်ထွက်စာ ကိစ္စ လုပ်နေတုန်းပဲ။” ကျန်းယွမ် ၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာ ပြေးလာကာ ပြောလိုက်သည်။
“သေစမ်း အဲ့ဒီ သောက်ကလေး တော်တော် သတ္တိကောင်းနေတာပဲ။ ငါ့ကို ရိုက်ပြီးတာတောင် ဒီမှာ ဆက်နေရဲသေးတယ်။” ကောင်းခွန်း က လီဖန်း ထွက်ပြေးသွားမှာ စိုးရိမ်နေခဲ့ရာမှ စိတ်လှုပ်ရှားသွားပြီး “သူဌေး ဟယ် အဲ့ဒီ သောက်ကလေး အဲ့ဒီ ရုံးခန်းထဲမှာ ရှိတယ်။ ကျေးဇူးပြုပြီး သူဌေး ဟယ် ကျွန်တော့်အတွက် တရားမျှတမှု ယူပေးပါ။”
ဟယ်ချောင်က “စွဲမက်ဖွယ် မုဆိုးမ” လက်အောက်က ‘အကာအကွယ်ရှင် ၁၃ ဦး’ ထဲက တစ်ယောက် ဖြစ်ပြီး လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာ ရှိသည်။ သူတို့ဟာ ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်ပြီး ပြင်းထန်တဲ့ ပုံစံကြောင့် လူသိများသည်။
ကောင်းခွန်း က ဟယ်ချောင် နဲ့ မတော်တဆ တွေ့ဆုံဖူးခဲ့သည်။ ဒီတစ်ခါ လီဖန်း ရဲ့ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ခံရပြီးနောက် ကောင်းခွန်း ၏ ပထမဆုံး တုံ့ပြန်မှုက ရဲခေါ်ဖို့ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပြန်လက်စားချေဖို့ ဖြစ်တယ် ဒါကြောင့် သူ အပြင်ထွက်ပြီး ဟယ်ချောင် ကို ဖုန်းခေါ်ခဲ့တာ ဖြစ်တယ်။
“မင်းတို့ နှစ်ယောက် အဲ့ဒီ သောက်ကျိုးနည်း ကောင်ကို ငါ့ဆီ ဆွဲထုတ်ခဲ့။” ဟယ်ချောင် အနည်းငယ် ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဟုတ်ကဲ့!”
လူမိုက် နှစ်ယောက် ကြောက်စရာကောင်းအောင် ပြုံးလိုက်ပြီး သူတို့ရဲ့ တုတ်ရှည်တွေကို ဝှေ့ယမ်းကာ ရုံးခန်းထဲ ပြေးဝင်ဖို့ ပြင်လိုက်ကြသည်။
ဒါပေမဲ့ ထိုအချိန်မှာပဲ ရုံးခန်းတံခါး ရုတ်တရက် ပွင့်လာပြီး လီဖန်း က အလုပ်ထွက်စာ စာရွက်စာတမ်း တစ်ထပ်နဲ့ ထွက်လာသည်။ သူ ဟယ်ချောင် နဲ့ တခြားသူတွေကို မြင်လိုက်ရတော့ ခဏတာ ကြောင်သွားပြီး သူ့မျက်နှာအမူအရာ ထူးဆန်းသွားသည်။
“လီဖန်း မင်း ခုထိ မာနကြီးနေတုန်းပဲ ဟုတ်လား။ သေစမ်း ငါ မင်းကို လုပ်ချင်နေတာ ကြာပြီ။ မင်းမှာ သတ္တိရှိရင် ငါနဲ့ အကြိမ် သုံးရာ လာတိုက်ကြည့်လိုက် ငါ မင်းကို သေမလိုဖြစ်အောင် မရိုက်မလား မရိုက်ဖူးလားဆိုတာ စောင့်ကြည့်နေ။” ကျန်းယွမ် က ပထမဆုံး ခုန်ထွက်လာပြီး လီဖန်း ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
လီဖန်း က သူ့ကို လုပ်ဖော်ကိုင်ဖက်တွေ အားလုံးရှေ့မှာ ကီးဘုတ်နဲ့ ရိုက်လွှင့်လိုက်တာက ကျန်းယွမ် အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်ခဲ့သည်။ လီဖန်း လည်း လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာ အတူတူ အရိုက်ခံရမှသာ ဒီအရှက်တရားကို ဆေးကြောနိုင်မှာ ဖြစ်သည်။
“မင်း… သောက်ဆင်းရဲသား မင်းက ငါ့ကို ရိုက်ရဲတယ် ဟုတ်လား။ မင်း ဒီနေ့ ဒီတံခါးကနေ လမ်းလျှောက် ထွက်မသွားရအောင် ငါ လုပ်ပစ်မယ်။” အားကောင်းတဲ့ အကူအညီတွေ ရလာတော့ ကောင်းခွန်း ၏ အရင်က မာနကြီးမှုတွေ ပြန်ပေါ်လာသည်။ သူ လီဖန်း ကို ကောင်းကောင်းမွန်မွန် ရိုက်နှက်ချင်တယ် သူ သူဌေးတစ်ယောက်၏ သြဇာအာဏာကို ပြန်လည် တည်ဆောက်ချင်သည်။
“မင်း… သောက်ရှုံးနိမ့်သူ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ဦး မင်းက ဘယ်လို လူစားမျိုးလဲ။ ကုမ္ပဏီမှာ ပြဿနာ ရှာရဲတယ် အခု ကြောင်သွားပြီ မဟုတ်လား။” ခုနက လီဖန်း နောက်ကနေ ပြုံးပြုံးလေး လိုက်လာခဲ့တဲ့ မာရုန် က အခု မျက်နှာအမူအရာ တစ်မျိုး ပြောင်းသွားပြီး အထင်သေးသလို ပြောလိုက်သည်။
ထို့နောက် သူမ၏ မျက်လုံးများက ဟိုဒီ ဝေ့ကြည့်လိုက်ပြီး သနားစရာ အသံလေးဖြင့် “သူဌေး လီဖန်း က ခုနက အထဲမှာ ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ အရမ်း ကြောက်နေပြီ~~”
လီဖန်း ၏ ငြင်းပယ်မှုက သူမကို အငြိုးအတေး ထားစေခဲ့ပြီး ဒီတစ်ခါ သူမ သူ့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ချင်သည်။
တခြား လုပ်ဖော်ကိုင်ဖက်တွေကလည်း လီဖန်း ပြီးဆုံးသွားပြီလို့ ခံစားလိုက်ရသည်။ ဟယ်ချောင် နဲ့ သူ့လူတွေက ရှင်းရှင်းလင်းလင်းကို ရန်စလို့ မဖြစ်တဲ့ လူတွေ။ လီဖန်း ဘယ်လောက်ပဲ တိုက်ခိုက်ရေး တော်နေပါစေ ဒီလူမိုက်တွေကို သူ ယှဉ်နိုင်မှာ မဟုတ်ဘူး။
ပြီးတော့ လီဖန်း က မာရုန် ကိုတောင် နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ် ဟုတ်လား။ ဘုရားရေ သူ့အရသာက အရမ်း ပြင်းလွန်းတယ် သူက အများသုံး ဘတ်စ်ကားကိုတောင် တက်စီးရဲတယ်။ မာရုန် ၏ စကားများက သံသယဖြစ်စရာ ကောင်းသော်လည်း အမှန်ဖြစ်စေ အမှားဖြစ်စေ လီဖန်း ၏ စာရိတ္တမှာ သူမကြောင့် လုံးဝ ပျက်စီးသွားသည်။
လီဖန်း ကတော့ သေချာပေါက် ဒုက္ခရောက်တော့မှာပဲလို့ လူတိုင်း ထင်နေတဲ့ အချိန်မှာပဲ ဟယ်ချောင် ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး လီဖန်း ဆီကို အပြေးအလွှား သွားလိုက်သည်။
“သခင်လေး လီ ခင်ဗျား ဒီမှာ ရှိနေမှန်း ကျွန်တော် မသိခဲ့ဘူး။ ခင်ဗျားကို စော်ကားမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။” ဟယ်ချောင် က လီဖန်း ၏ ရှေ့မှာ ရပ်တန့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
ရုံးခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
WQNMLGBD (ဆဲဆိုသံ)! ဘာတွေ ဖြစ်ကုန်တာလဲ။ ဟယ်ချောင် က လီဖန်း ကို ဘာလို့ ‘သခင်လေး လီ’ လို့ ခေါ်လိုက်တာလဲ။
ဤအချိန်တွင် ကောင်းခွန်း ကျန်းယွမ် နှင့် မာရုန် တို့ ချက်ချင်း ကြောင်အသွားသည်။