“မဟုတ်ပါဘူး သူက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်ပါ” စုထုန် က ခပ်ဖျော့ဖျော့ ပြုံးရင်း ရှင်းပြလိုက်သည်။
ရည်းစားတွေ ယှဉ်ပြိုင်ပြီး သူမကို တိုက်ခိုက်မလို့လား။ ဟမ့် မင်းက သိပ်လည်တယ် ထင်နေတာလား မင်း ဒီလို ကြိုးစားလိမ့်မယ်ဆိုတာ ငါ သိသားပဲ ဒါပေမဲ့ စိတ်မကောင်းပါဘူး လီဖန်း က တကယ်ပဲ ငါ့ရည်းစား မဟုတ်ဘူး။
“စုထုန် မင်းကတော့ တကယ်ပဲ။ ငါတို့က အဆောင်နေဖက်တွေလေ ရည်းစားထားတာက ရှက်စရာမှ မဟုတ်တာ။ မင်း ငါ့ကိုတောင် ဖုံးကွယ်ထားဖို့ မလိုပါဘူး ဟုတ်တယ်မလား။” ဝမ်လင် က စုထုန် က သူ့ရည်းစား သူ့ရှေ့မှာ အရှက်ရမှာ ကြောက်လို့ ဆက်ဆံရေးကို ငြင်းပယ်တာ ဖြစ်ရမယ်လို့ တွေးလိုက်သည်။
“မစ္စ စု ခင်ဗျားတို့ ကုမ္ပဏီက ရုံးတွင်း ရည်စားဖြစ်တာကို ခွင့်မပြုဘူးလား။” ဘေးမှာ ရပ်နေတဲ့ ဒေးဗစ် ကလည်း ဝင်ရယ်လိုက်သည်။
လီဖန်း ကလည်း ဝမ်လင် ၏ ရည်ရွယ်ချက်ကို မြင်နေပြီး စိတ်ထဲကနေ “မိန်းမယုတ်” လို့ ကျိန်ဆဲလိုက်ကာ စုထုန် ကို ကူညီပေးဖို့ ပြင်လိုက်ပေမဲ့ ထိုအချိန်မှာပဲ ညီမလေးကျိလင်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒင် အသုံးပြုသူ မစ်ရှင်အသစ် ရောက်ရှိနေပါတယ်။ ချက်ချင်း ကြည့်ရှုလိုပါသလား။”
“ကြည့်မယ်။”
“မစ်ရှင်: ရည်းစားအတု”
“မစ်ရှင် ရည်မှန်းချက်: စုထုန် ၏ ရည်းစားအဖြစ် ဟန်ဆောင်ပြီး ချန်တာကျွမ်း နှင့် ဝမ်လင် တို့ကို ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပေးနိုင်ရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များကို အသုံးပြုပါ။”
“မစ်ရှင် ဆုလာဘ်: အတွေ့အကြုံ ၅၀ မှတ် စနစ်မှတ် ၁၀၀၀။”
“မှတ်ချက် ၁: ဤမစ်ရှင်သည် အသုံးပြုသူအား အနည်းဆုံး စနစ်မှတ် ၂၀၀၀ ကို ဟွာရှားငွေကြေးအဖြစ် ပြောင်းလဲ သုံးစွဲရန် လိုအပ်ပါသည်။”
“မှတ်ချက် ၂: အသုံးပြုသူအား သတိပေးချက် စနစ်မှတ် များကို ဟွာရှားငွေကြေးအဖြစ် ပြောင်းလဲသည့်အခါ အသုံးပြုသူ၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက် လွှဲပြောင်းပေးနိုင်ပါသည်။”
မဟုတ်သေးဘူးလေ… စနစ် မင်းက ပြဿနာ ရှာခိုင်းနေတာလား။ သူမက သဘောတောင် မတူသေးဘူး မင်းက ငါ့ကို သူ့ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းနေတယ်။
နောက်ပြီး… ဒေးဗစ် ရဲ့ နာမည်အရင်းက ချန်တာကျွမ်း ဟုတ်လား။ ဒါက နာမည်လား နာမည်ပြောင်လားတောင် မသေချာဘူး။
အရေးကြီးဆုံးက… ဒါဆို ငါ စနစ်မှတ်တွေ စုလို့ မရဘူးပေါ့ သုံးပစ်ရမှာပေါ့။
ကောင်းပြီ စနစ် မင်း တော်တော် မိုက်တာပဲ။
“အဟမ်း… ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည် လီဖန်း စုထုန် ရဲ့ ရည်းစားပါ။ မစ္စတာ ဒေးဗစ် ခင်ဗျားက ကော်ပိုရေးရှင်းကြီး တစ်ခုက ဘဏ္ဍာရေး ညွှန်ကြားရေးမှူး ဆိုတော့ ခင်ဗျား ဝင်ငွေ တော်တော် ကောင်းမှာပဲနော်။” လီဖန်း က ချန်တာကျွမ်း ၏ လက်ကို ဆုပ်ကိုင်ရင်း ပြုံးလျက် မေးလိုက်သည်။
“သေစမ်း ငါ့ရည်းစား ဟုတ်လား။ ငါက လူလွတ်…. လူလွတ်!” စုထုန် ကြောင်အသွားပြီး စိတ်ထဲကနေ အော်ဟစ်ကာ လီဖန်း ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
“စုထုန် ဒါက ကုမ္ပဏီ မဟုတ်ဘူးလေ။ ဖုံးကွယ်မနေပါနဲ့တော့။ ပေါ့ပေါ့ပါးပါး နေပါ။” လီဖန်း က စုထုန် ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး အလွန် တည်ငြိမ်နေပုံ ပေါက်နေသည်။
စုထုန်: “…” ကောင်းပြီ အခုတော့ သူမ မြစ်ဝါမြစ်ထဲ ခုန်ချတောင်မှ အမည်သန့်ရှင်းအောင် ရှင်းလို့ ရတော့မှာ မဟုတ်ဘူး…
ဝမ်လင် က စုထုန် ကို ကြည့်လိုက် လီဖန်း ကို ကြည့်လိုက် ပြီးတော့ တခစ်ခစ် ရယ်လိုက်သည်။ အခြေအနေတွေက သူမ တွေးထင်ထားတဲ့အတိုင်း တကယ် ဖြစ်နေတာပဲ။ အခု သူတို့ကို သေသေချာချာ အရှက်ခွဲရမယ့် အချိန်ပဲ။
“ကျွန်တော့် ဝင်ငွေ… သိပ်မများပါဘူး။ စတော့ ရှယ်ယာ အမြတ်ဝေစုတွေနဲ့ ပေါင်းရင် တစ်နှစ် ဝင်ငွေက သန်း ၁ သန်းလောက် ရှိမှာပါ။ မစ္စတာ လီ က ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိပုံ ပေါ်ပါတယ်။ ခင်ဗျားရဲ့ တစ်နှစ်စာ လစာက ကျွန်တော့်ထက်တောင် ပိုများမှာပေါ့နော်။” ချန်တာကျွမ်း က မာနကြီးသော အမူအရာဖြင့် မေးလိုက်သည်။
လီဖန်း ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် ချန်တာကျွမ်း က သူ ဝင်ငွေမြင့်မားသူ တစ်ယောက် မဟုတ်မှန်း ပြောနိုင်သည်။ သူသာ လီဖန်း ကို ဝင်ငွေပိုင်းမှာ အပြတ်အသတ် အနိုင်ယူလိုက်နိုင်ရင် စုထုန် က မနာလို အားကျစိတ်တွေ ဖြစ်လာလိမ့်မည်။ အဲ့ဒီအချိန်ကျရင် သူ နည်းလမ်း အနည်းငယ် ထပ်သုံးလိုက်ရုံနဲ့ စုထုန် က အရင်တုန်းက ဝမ်လင် ကျရှုံးခဲ့သလိုမျိုး သူ့ရင်ခွင်ထဲ ကျရောက်လာလိမ့်မည်။
“အမ်… တစ်နှစ်စာ လစာအကြောင်း မပြောပါနဲ့တော့…. မပြောပါနဲ့တော့။ ကျွန်တော် စုထုန် အတွက် ပစ္စည်းတချို့ ဝယ်ပေးရဦးမှာမို့ ခင်ဗျားတို့ နှစ်ယောက်နဲ့ စကားဆက်မပြောတော့ဘူးနော်။ သွားလိုက်ပါဦးမယ်။” လီဖန်း က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စုထုန် ကို ဆွဲခေါ်သွားဖို့ ပြင်လိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါလည်း ရှောင်လင် အတွက် ပစ္စည်းတချို့ ဝယ်ပေးရဦးမှာ။ အတူတူ သွားကြတာပေါ့။” ချန်တာကျွမ်း ၏ မျက်လုံးထဲက မထီမဲ့မြင် အကြည့်က ပိုမို ပြင်းထန်လာပြီး လီဖန်း ၏ လမ်းကို ပိတ်ရပ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် အတူတူ သွားကြစို့။ ငါတို့ အတူတူ ဈေးမဝယ်ဖြစ်တာတောင် ကြာပြီ။” ဝမ်လင် က စုထုန် ၏ လက်မောင်းကို ချိတ်လိုက်ပြီး သူမ၏ အသံက ပျားရည်လို ချိုမြိန်နေသည်။
“ဒါက… ကောင်းပြီလေ ဒါဆိုလည်း။ လေးလွှာကို သွားကြစို့။” လီဖန်း ခဏတာ တွန့်ဆုတ်သွားပြီး နောက်ဆုံးတော့ သွားကြိတ်ကာ ပြောလိုက်သည်။
သူက မျက်နှာပေါ်မှာ အခက်တွေ့နေသလို ပေါ်နေပေမဲ့ စိတ်ထဲမှာတော့ လျှို့ဝှက် ပျော်ရွှင်နေခဲ့သည်။ သူ လိုချင်တာက သူတို့နှစ်ယောက် လိုက်လာဖို့ပဲ မဟုတ်ရင် သူ ဘယ်သူ့ကို ကြွားလုံးထုတ်ပြရမှာလဲ။
အတွေးကိုယ်စီဖြင့် လေးယောက်သား လေးလွှာသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ဒီအလွှာမှာ Gucci, LV, Hermes, Versace, Vacheron Constantin စတဲ့ ဇိမ်ခံ တံဆိပ် ဆိုင်ခန်းတွေ အများကြီး ရှိသည်။
“လီဖန်း ရှင် တကယ် ပြောနေတာလား။ ဒါတွေအားလုံး ဇိမ်ခံ တံဆိပ်တွေချည်းပဲ။” စုထုန် က လီဖန်း ၏ နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
စွမ်းဆောင်ရည် ဘောနပ်စ်တွေ တခြား မက်လုံးတွေနဲ့ ပေါင်းရင်တောင် သူမ၏ တစ်နှစ်စာ ဝင်ငွေက ၂ သိန်းခွဲလောက်ပဲ ရှိသည်။ ဒါတောင်မှ သူမ လေးလွှာကို တော်ရုံ မလာတတ်ဘူး။ သူမက ချမ်းသာတဲ့ သူဌေးသမီးလေး မဟုတ်သလို တစ်နှစ်ကို သန်းနဲ့ချီ ဝင်ငွေရှိတဲ့ ဝင်ငွေမြင့် အုပ်စုထဲမှာလည်း မပါဘူး။ သူမအတွက် ပစ္စည်းဝယ်တဲ့အခါ လက်တွေ့ကျမှုကသာ အဓိက ဖြစ်သည်။
“ကြည့်နေလိုက်ပါ။” လီဖန်း က ကစားသလို ပြုံးလိုက်ပြီး သူမကို Hermes ဆိုင်ခန်းထဲ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
မစ်ရှင်က ချန်တာကျွမ်း နဲ့ ဝမ်လင် တို့ကို ပြင်းထန်တဲ့ တိုက်ခိုက်မှု ပေးရမယ်လို့ တောင်းဆိုထားမှတော့ သူလည်း ပြင်းပြင်းထန်ထန် ကစားရမှာပေါ့။ ဒါ့အပြင် သူ ဖြုန်းတီးတတ်တဲ့ သူဌေးသားလေးတစ်ယောက်လို မခံစားရတာတောင် ကြာပြီ…
“ဒေးဗစ် Hermes အိတ် နောက်ဆုံးပေါ်လေး ကြည့်ပါဦး။ ကျွန်မ ဒါကို အရမ်း သဘောကျတာပဲ~” ဝမ်လင် ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားပြီး အိတ်တစ်လုံးကို မြင်လိုက်ရသည်။ သူမ လျှောက်သွားပြီး အဲ့ဒီအိတ်ကို သဘောကျစွာ ကြည့်ရှုနေရင်း လက်က မချနိုင်အောင် ဖြစ်နေသည်။
“မမ.. မမ မျက်စိ အရမ်းရှင်တာပဲ။ ဒါက ပါရီ နွေဦး ပြပွဲက နောက်ဆုံးပေါ် မော်ဒယ်လ်လေ ပြီးတော့ မမရဲ့ ပုံစံနဲ့ အရမ်း လိုက်ဖက်ပါတယ်။” အရောင်းဝန်ထမ်းမလေး တစ်ဦးက ဝမ်လင် နောက် လိုက်ရင်း မိတ်ဆက်ပေးသည်။
“တကယ်လား။ ငါလည်း အဲ့လို ထင်တာပဲ။” ဝမ်လင် က ကြည့်လေ သဘောကျလေ ဖြစ်နေသည်။ ချန်တာကျွမ်း ကို ဒီအိတ်အတွက် ဘယ်လို ပိုက်ဆံရှင်းခိုင်းရမလဲ ဆိုတာကို သူမ စတင် စဉ်းစားနေပြီ။ ဒီအိတ်က ယွမ် ၁၅၈,၈၈၈ ကျသင့်မှန်း သူမ သိပြီး ချန်တာကျွမ်း က သူမကို အရင်က ဝယ်ပေးခဲ့တဲ့ ဈေးအကြီးဆုံး အိတ်က ယွမ် ၂ သောင်းပဲ ရှိသည်။
ချန်တာကျွမ်း က ဝမ်လင် ၏ အကြံအစည်လေးကို ခန့်မှန်းမိပြီး စိတ်ထဲကနေ “ဖြုန်းတီးတဲ့ မိန်းမ” လို့ ကျိန်ဆဲလိုက်သည်။ ဒီအိတ်က သူ့ရဲ့ နှစ်လစာ ဝင်ငွေ နီးပါး ရှိသည်။ သူသာ တကယ် ဝယ်လိုက်ရင် နှလုံးသားထဲက စူးစူးနစ်နစ် နာကျင်မှုကို ခံစားရလိမ့်မည်။
ဒါပေမဲ့ သူ သေသေချာချာ ပြန်စဉ်းစားလိုက်သည်။ သူသာ ဒီအိတ်ကို ပြတ်ပြတ်သားသား ဝယ်လိုက်ရင် စုထုန် က သူ့ရဲ့ ဘဏ္ဍာရေး အင်အားကို အံ့ဩသွားပြီး သူ့ရင်ခွင်ထဲ ပြေးဝင်လာမလား။ တစ်ခဏအတွင်းမှာ ချန်တာကျွမ်း ဝေခွဲမရ ဖြစ်နေသည်။
တစ်ဖက်မှာတော့ စုထုန် က ပြခန်းစင်နားတောင် မကပ်ပေ။ သူမက ဈေးကြီးတဲ့ အိတ်တွေကို လေးစားတန်ဖိုးထားတဲ့ မျက်လုံးတွေနဲ့ပဲ အလှကြည့်နေပြီး သဘောကျတဲ့ တစ်လုံး တွေ့ရင်တောင် ခဏလောက် ပိုကြည့်ရုံပဲ ကြည့်နေသည်။
ထိုအချိန်မှာပဲ လီဖန်း က စနစ်ဈေးဆိုင် ထဲ ဝင်ပြီး စနစ်မှတ် ၂၀၀၀ ကို ဟွာရှားငွေကြေးအဖြစ် ပြောင်းလိုက်သည်။
တစ်စက္ကန့်ကြာတော့ သူ့ဆီ ဘဏ်ငွေလွှဲ SMS တစ်စောင် ဝင်လာသည်: “သင့်၏ ၉၅၂၇ ဖြင့် အဆုံးသတ်သော စုငွေကတ် အကောင့်ထဲသို့ ၁၄:၃၈ နာရီတွင် ယွမ် ၂,၀၀၀,၀၀၀ ဝင်ရောက်လာပါသည်။ လက်ရှိ လက်ကျန်ငွေမှာ ၃,၄၀၀,၀၀၀ ယွမ် ဖြစ်ပါသည်။”
“စနစ်က တကယ် အံ့မခန်းပဲ။” လီဖန်း ၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်ထဲကနေ ချီးကျူးလိုက်သည်။
ပိုက်ဆံ ဘယ်က လာမှန်း သူ မသိပေမဲ့ ဘဏ်က သူ့ကို ငွေကြေးခဝါချမှုအဖြစ် သဘောထားမှာကို သူ စိတ်မပူဘူး။ ဒါက စနစ်လေ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် ကောင်းကင်ဘုံ ကိုးခုနဲ့ ဆယ်ကမ္ဘာ မှာ အခန့်ညားဆုံးနဲ့ အာဏာအရှိဆုံးလို့ ပြောမနေသင့်တော့ဘူး။
ငွေအမြောက်အမြား လက်ထဲ ရောက်လာတာနဲ့ ဖြုန်းတီးချင်စိတ်တွေ ပေါ်ပေါက်လာသည်။ ခဏတာ စဉ်းစားပြီးနောက် လီဖန်း နောက် ဘာလုပ်ရမလဲ ဆိုတာကို တိတိကျကျ သိသွားသည်။
“ညီမ ဒီအနီရောင် တစ်လုံး ဟိုအဖြူရောင် တစ်လုံး ပြီးတော့ ဒီအပြာရောင် တစ်လုံး၊ ဟိုအနက်ရောင် တစ်လုံး ဒါတွေက ကျွန်တော့် ရည်းစား ဆယ်စက္ကန့်ထက် ပိုကြည့်သွားတဲ့ အိတ်တွေပဲ။ ကျေးဇူးပြုပြီး တစ်မျိုး တစ်လုံးစီ ထုတ်ပေးပါ။”
“နောက်ပြီး မစ္စ ဝမ် လက်ထဲက အိတ်ကလည်း တော်တော် လှတယ်။ အဲ့ဒီအိတ် တစ်လုံးလည်း ကျွန်တော့်ကို ထုတ်ပေးပါ။” လီဖန်း က ပြခန်းစင်တွေကို လက်ညှိုးထိုးပြပြီး သူ့အိတ်ကပ်ထဲက ဘဏ်ကတ်ကို ဆွဲထုတ်ကာ တိုက်ရိုက် ပွတ်ဆွဲပြီး ငွေရှင်းလိုက်သည်။
POS စက်က ပြေစာ ထွက်လာတဲ့အထိ အရောင်းဝန်ထမ်းမလေးက သူမ အိပ်မက် မက်နေသလို ခံစားနေရသည်။ အိတ် ၅ လုံး စုစုပေါင်း ၆၆၃,၉၉၆ ယွမ်။ ဆိုင်ထဲ ဝင်လာတာကနေ ငွေရှင်းတဲ့အထိ ၃ မိနစ်တောင် မကြာလိုက်ဘူး။ သူမ လီဖန်း လို ရက်ရောတဲ့ ဧည့်သည်မျိုးကို လုံးဝ မကြုံဖူးဘူး။
ဒါပေမဲ့ ပြဿနာက သူမက ချန်တာကျွမ်း ကိုသာ ဒီမှာ သုံးစွဲနိုင်တဲ့ ဘဏ္ဍာရေး အင်အား ရှိတဲ့ ဧည့်သည်လို့ အမြဲ ထင်ခဲ့တာ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ရှုံးနိမ့်သူတစ်ယောက်လို ပုံပေါက်နေတဲ့ လီဖန်း က ကျားတစ်ကောင်လို ကြမ်းတမ်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ ယွမ် ၆ သိန်းကျော်ကို တိုက်ရိုက် ရှင်းပစ်လိုက်တယ် အဆင့်မြင့် ဧည့်သည်လို ပုံပေါက်နေတဲ့ ချန်တာကျွမ်း ကတော့ ခုထိ တွန့်ဆုတ်နေတုန်းပဲ။
ဝမ်လင် အတွက် အိတ် ဝယ်ပေးရမလားလို့ စိတ်ညစ်နေခဲ့တဲ့ ချန်တာကျွမ်း တစ်ယောက် ကြောင်အသွားသည်။ ဘာလဲ။ စုထုန် က ခဏလောက် ကြည့်လိုက်ရုံနဲ့ မင်းက တိုက်ရိုက် ဝယ်ပေးလိုက်တာလား။ တစ်နှစ်စာ လစာအကြောင်း မပြောဘူး ဆိုတာက ဘာဖြစ်သွားတာလဲ။ ဒါဆို မင်းမျက်စိထဲမှာ ငါ့ရဲ့ တစ်နှစ်စာ လစာက မုန့်ဖိုးလောက်ပဲ ရှိတာပေါ့ ဟုတ်လား။
ဝမ်လင် လည်း ကြောင်အသွားသည်။ မဟုတ်သေးဘူးလေ… မင်းက ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ဖြစ်နေတာပဲ ဘာလို့ ဒီလောက် စုတ်စုတ်ပြတ်ပြတ် ဝတ်စားပြီး ကျားကိုစားဖို့ ဝက်ဟန်ဆောင် နေရတာလဲ။ ပြဿနာက ငါက ငါ့ရဲ့ သာလွန်မှုကိုတောင် မပြရသေးဘူး။ အနည်းဆုံးတော့ ချန်တာကျွမ်း က ငါ့ကို ဒီအိတ် ဝယ်ပေးတဲ့အထိတော့ စောင့်ပါဦး။
စုထုန် ကတော့ ပိုလို့တောင် ကြောင်တောင်တောင် ဖြစ်သွားပြီး သူမရဲ့ စိတ်ထဲမှာ ကြယ်လေးတွေ လင်းလက်သွားသည်။
ယွမ် ၆ သိန်း ၆ သောင်းကျော်ကို ဒီလောက် ရက်ရက်ရောရော သုံးပစ်လိုက်တဲ့ ဒီလူက တကယ်ပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်လား။ ရှင့်မှာ ဒီလောက် ချမ်းသာနေမှတော့ ဘာလို့ အလုပ်တောင် လာလုပ်နေသေးလဲ။
Donate လုပ်ချင်ရင်တော့ 09971258129 (K Pay/ Wave ၂ မျိုးလုံးအဆင်ပြေပါတယ်)